International News

ပဲနီလေးနှင့် ပဲစင်းငုံ သွင်းကုန်အခွန်လျော့ချပေးရန် အိန္ဒိယကုန်သည်များက တောင်းဆိုခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ COVID-19 ဗိုင်းရပ်စ် တားဆီးထိန်းချုပ်‌ရန်အတွက် မတ်လ ၂၅ ရက်နေ့မှစတင်၍ နိုင်ငံတစ်ဝန်းလုံး အသွားအလာများ ကန့်သတ်တားမြစ်ခဲ့သည့်နောက်ပိုင်း ပြည်တွင်းဈေးကွက်၌ ပဲနီလေးနှင့် ပဲစင်းငုံတို့၏ သွင်းအား စုလျော့ကျလျက် ဈေးနှုန်းများမြင့်တက်လာခဲ့ရာ အစိုးရအနေဖြင့် ၎င်းပဲများအပေါ် ကောက်ခံလျက်ရှိသည့် သွင်းကုန် အခွန်အား လျော့ချပေးရန် အိန္ဒိယကုန်သည်များက တောင်းဆိုလျက်ရှိကြပါသည်။

အိန္ဒိယနိုင်ငံ စားသုံးသူရေးရာ အစားအစာနှင့် ပြည်သူ့ဖြန့်ဖြူးမှု ဝန်ကြီးဌာန၏ စာရင်းများအရ ပြည်တွင်း လက် ကားဈေးကွက်၌ Lockdown မစတင်မီက ပဲနီလေး ၁ ကီလိုဂရမ်လျှင် ဈေးနှုန်း ၆၈ ရူပီး ရှိရာမှ ၂ လအကြာတွင် ၇၆ ရူပီးသို့ မြင့်တက်လာခဲ့ကြောင်း၊ အလားတူ ပဲတီစိမ်း ၁ ကီလိုဂရမ်လျှင် ဈေးနှုန်း ၉၇ ရူပီးရှိရာမှ ၁၁၂ ရူပီးသို့ ရောက် ရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ ပျမ်းမျှ ဈေးနှုန်းများမှာ ပဲနီလေး၌ ၁၄%၊ ပဲတီစိမ်းတွင် ၁၃% အသီးသီးမြင့်တက်သည်ကို တွေ့ရှိရကြောင်း၊ ထို့အတူ မတ်ပဲ၊ ပဲစင်းငုံနှင့် ကုလားပဲတို့၏ ပျမ်းမျှဈေးနှုန်းများသည်လည်း ၆% မှ ၉% အထိ မြင့် တက်လာခဲ့ကြောင်း၊ ထိုသို့ကုန်ချောများ ဈေးနှုန်းမြင့်တက်သော်လည်း ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ပဲမျိုးစုံ သီးနှံကုန်ကြမ်းများမှာမူ အခြေခံရည်ညွှန်းဈေးနှုန်း၏ အောက်တွင်သာ ရောင်းဝယ်လျက်ရှိကြောင်း၊ Lockdown ကာလအတွင်း ပြည်တွင်းရှိပဲခွဲစက်နှင့် သန့်စင်ထုတ်ပိုးမှုလုပ်ငန်းများ၏ ၃၀ မှ ၄၀ ရာခိုင်နှုန်းခန့်သာ လည်ပတ်လုပ် ကိုင်နိုင်မှုနှင့် သယ်ယူပို့ဆောင်ရေးခက်ခဲမှုများက လက်လီဈေးကွက်၌ ဈေးနှုန်းများသိသာစွာ မြင့်တက်စေခဲ့ ကြောင်း၊ သို့ဖြစ်ရာ ပြည်တွင်း၌ လက်လီဈေးနှုန်း မြင့်တက်နေမှုကို သက်သာစေရေး အစိုးရအနေဖြင့် ပဲနီလေးနှင့် ပဲစင်းငုံတို့ တင်သွင်းမှု အပေါ် သွင်းကုန်ခွန် ၃၃% နှင့် ၁၀% အသီးသီးလျော့ချပေးရန် ပဲတင်သွင်းသည့်ကုန်သည် အချို့က ပြောဆိုလျက်ရှိကြောင်းဖြင့် Business Standard သတင်း ဌာနမှ ဖော်ပြပါသည်။

အိန္ဒိယဗဟိုဘဏ်၏ ၂၂.၅.၂၀၂၀ နေ့ ငွေကြေးမူဝါဒဆိုင်ရာ ထုတ်ပြန်ချက်တွင် လက်လီဈေးနှုန်းများ မြင့်တက်နေမှု မှာ စိုးရိမ်ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။ ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Shaktikanta Das က ငွေကြေးမူဝါဒနှင့် စပ် လျဉ်း၍ ဖိအားဖြစ်ပေါ်စေသည့် အချက်များအနက် ပဲမျိုးစုံ၏ လက်လီဈေးနှုန်းများ ဖောင်းပွလာမှုမှာ လွန်စွာစိုးရိမ် ဖွယ်ရှိပြီး သွင်းအားစု စီမံခန့်ခွဲမှုအပိုင်း၌ သွင်းကုန်အပေါ် ကောက်ခံလျက်ရှိသည့် အခွန်နှုန်းထားများအား ပြန်လည် သုံးသပ်ခြင်း အပါအဝင် သင့်လျော်မည့်အစီအမံများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

သို့ဖြစ်ရာ အိန္ဒိယနိုင်ငံရှိ အစိုးရပိုင်ကော်ပိုရေးရှင်းတစ်ခုဖြစ်သော အမျိုးသား လယ်ယာ ထွက်ကုန်ဈေးကွက်ဆိုင်ရာ သမဝါယမအသင်းချုပ် (NAFED) သည် ပဲမျိုးစုံကုန်ကြမ်းများကို မကြာမီကာလအတွင်း ဈေးကွက်သို့ ဖြန့်ဖြူးဖွယ် ရာရှိကြောင်း အိန္ဒိယပဲကုန်သည် အသိုင်းအဝိုင်း မှ ပြောဆိုလျက်ရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Importers cite masoor and tur shortage, want duty on inward shipments eased, 26 May 2020, Business Standard

Category: International News